ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း




၁ ။ မည်သူ့အပေါ်တွင် မဆို အရင်းအဖျား မခွဲခြားဘဲ စိတ်ကောင်း နှလုံးကောင်း ထားပါ ။

၂ ။ ကောင်းသော ဣဌာရုံနှင့် တွေ့သောအခါ လွန်စွာဝမ်းသာ အားရ သောမနဿ လောဘမဖြစ်ပါနှင့် ။

၃။ မကောင်းသော အနိဌာရုံနှင့် တွေ့သောအခါ၌လည်း ၀မ်းနည်းပက်လက် မနှစ် သက်သောဒေါမနဿဒေါသမဖြစ်ပါနှင့် ။

၎ ။ မိမိပိုင် မဟုတ်သော ပစ္စည်းဥစ္စာများကို မတရား ပိုင်ဆိုင်လို့သည့် မတရားရယူလိုသည့်လောဘ မထွက်ပါနှင့်။ ရောင့်ရဲပါ ၊ တင်းတိမ်ပါ

၊ ဆင်းရဲသည်ကို ဂုဏ်ယူပါ ။ မတရားချမ်းသာတာကို ဂုဏ်မယူပါနှင့် ။

၅ ။ သတ္တ၀ါတို့ကို မညှဉ်းဆဲပါနှင့် ၊ မနှိပ်စက်ပါနှင့် ၊ကာယ အားဖြင့် ၊ နှုတ်အားဖြင့် ၊စိတ်အားဖြင့်မညှဉ်းဆဲပါနှင့်။

၆ ။ သတ္တ၀ါအားလုံး မိမိနှင့် ထိတွေ့သိရှိသူ ၊ မိမိနှင့် ထိတွေ့သိရှိခြင်း မရှိသူ ၊ မိမိအား ချစ်ခင်လိုလားသူ ၊မိမိအား မုန်းတီးစက်ဆုပ်သူ ၊

မိမိအားချစ်လည်းမချစ် ၊ မုန်းလည်းမမုန်း အလယ်အလတ်သဘောရှိသူ အားလုံးအပေါ် သန့်ရှင်းကြည်လင်သော

မိမိနှင့်ထပ်တူဖြစ်သော မေတ္တာထားရှိပါ။

၇ ။ လိမ်ညာ မုသားစကားပြောခြင်းမှ ရှောင်ကြည်ပါ ။

၈ ။ မည့်သည့်စိတ်ဖြင့် ဖြစ်စေ ၊ ကောင်းစေလို၍ပဲ ဖြစ်ဖြစ် ၊ ဆိုးစေလို့၍ပဲဖြစ်ဖြစ် ၊ ဖရုသ၀ါစာတည်းဟူသောဆဲဆိုခြင်းမှ ရှောင်ကြဉ်ပါ ။

၉ ။ ချစ်သူနှစ်ယောက်ကွဲသွားအောင် ကုန်းတိုက်သော ၊ ရန်တိုက်ပေးသော ပိသုဏ၀ါစာစကားကိုရှောင်ကြဉ်ပါ။

၁၀။ ကလေးသူငယ်များနှင့် လူဖျင်းလူပေါ့တို့ နားထောင်၍ ကောင်းရုံသာ ဖြစ်သော( အနက်အဓိပ္ပာယ်မရှိ ၊အကျိုးမရှိသော)

အပျက်အချော် ပျော်ရုံသာဖြစ်သော သမ္ဇပ္ပလာပစကားကို ရှောင်ကြဉ်ပါ ။ ဟိုစပ်စပ် ဒီစပ်စပ်ပါဝင်ကာ အာလာပ သလ္လာပ

ဗရုတ်သုတ်ခမဟုတ်က ဟုတ်ကစကားများ မပြောပါနှင့် ။

၁၁။ ဆိုရေးရှိက ဆိုသည့်စကားကို နားခံသာအောင် ၊ သဘောပေါက်လွယ်အောင် သာယာပျောင်းညင်းစွာ ပြောဆိုပါ ၊ လူပုံအလယ်တွင်

အရှက်ကွဲစေခြင်း ၊ ဒေါသတကြီး ပြုမူ ပြောဆိုခြင်းတို့မှရှောင်ကြဉ်ပါ ။

၁၂ ။ ငါးပါးသီလကို မြဲမြံစွာ ကျင့်ကြံအားထုတ်ပါ ။

၁၃ ။ သရဏဂုံသုံးပါးကို တည်ပြီးလျှင် ဗုဒ္ဓါနုဿတိ ဘာဝနာ ၊ မေတ္တာဘာဝနာကိုပွားပါ ။ဝိ ပဿနာလမ်းသို့တက်လှမ်း နိုင်ပါစေ ။

၁၄ ။ သူတော်ကောင်းတို့ကို ဆည်းကပ်ပါ ။

၁၅ ။ သူတော်ကောင်း တရားတို့ကို ကြားနာမှုများပါ ။

၁၆ ။ အစဉ် ကြည်လင်သော ကောင်းသော စိတ်ကိုမြှုပ်နှံထားပါ ။

၁၇ ။ လောကုတ္တရာတရားတော်တွင် စိတ်ကို မြှုပ်နှံထားပါ ။

၁၈ ။ * ခန္တီစ သည်းခံခြင်းတရားကို မမေ့မလျော့လေနှင့် ။

* ရန်ကိုရန်ချင်း မတုံနှင်းနှင့် ။

* မေတ္တာဖြင့်သာ ရန်ကို အောင်နိုင်ရာ၏ ။

၁၉ ။ ကာယ ၊ ၀စီ ၊ မနောအားဖြင့် ပြုမှုလှုပ်ရှား ပြောဆိုမှု ၊ ကြံစည်တွေးတောမှု မှန်သမျှသည် သင့်မသင့်လျော်မလျော် ၊ အချိန်အခါ

ဟုတ် မဟုတ် ၊ ပြောလျှင်ဘာဖြစ်မလဲ ၊မပြောလျှင်ဘာဖြစ်မလဲ ၊ ဆင်ခြင်ပြီးမှ ပြောသင့်၏ ၊ လုပ်သင့်၏ ၊ စဉ်းစားသင့်၏ ။

အကျိုးအပြစ်ဝေဖန်ပြီးမှလုပ်သင့်၏ ။ စိတ်နောက်ကိုပါ ၊ အချွန်းမရှိ ၊ ပညာမရှိ မပြုမူသင့် ။

၂၀ ။ ဇကောဓမ္မော ဟူသည့်အတိုင်း မိမိစိတ်ကို စောင့်ထိန်းမှသာ တရားလည်းရ ၊ လူကောင်း သူကောင်းလည်းဖြစ် ၊ ယခုဘ၀တွင်ရော ၊

သံသရာတွင်ပါ ချမ်းသာသုခ ရနိုင်သည် ။နိဗ္ဗာန်ရောက်ကြောင်း ၊ မဂ်တရား ၊ ဖိုလ်တရားကို ကျင့်ကြံ အားထုတ်နိုင်ပါစေ ။

၂၁ ။ စိတ်ကို မေတ္တာဖြင့် ထုံမွမ်းပါလေ ။

၂၂ ။မိမိစိတ်ကိုအစဉ်သတိဖြင့်ကပ်ထားပါလေမလွတ်လိုက်ပါနှင့်။စိတ်ဟူသည်ဖြန့်ကျက်တက်သောသဘောရှိ၏ ။

ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..




ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးလိုလို ဒါနပြုခြင်းနဲ့ ပတ်သက်ပြီး ပုဗ္ဗ မုဉ္စ အပရ စေတနာ ဆိုတာလေးကို ကြားဖူးကြမှာပါ..

ဒါပေမယ့် ဘာကိုဆိုလိုတယ် အဓိပ္ပါယ်ကဘာဆိုတာကို တော်တော်များများ သိကြမှာ မဟုတ်ဘူးလို့ထင်ပါတယ်..

ကျနော်လည်း အရင်ကမသိခဲ့ပါဘူး ဆရာတော် အရှင်ဇနကာဘိဝံသရေးသားတဲ့ ကိုယ်ကျင့်အဘိဓမ္မာကျမ်းထဲမှာ ဖတ်လိုက်ရလို့

အားလုံးကိုလည်း သိစေချင်တဲ့ စေတနာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ….

ပုဗ္ဗစေတနာ

အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ ၊ မုဉ္စစေတနာ ၊ အပရစေတနာ ဟု ၃ မျိုးရနိုင်၏ ။

ထို့တွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်း နေသော အခါမှစ၍ မလှူမီ ရှေ့အဖို့၌

ဖြစ်သမျှကုသိုလ်စေတနာတွေသည် ပုဗ္ဗစေတနာ မည်၏ ။ ထိုသို့ ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍

အလှူ့ ဒကာ အလှူ့ ဒကာမ ၊ ကျောင်းဒကာ ၊ ကျောင်းအမ စသည်ဖြင့် ထင်ရှားကျော်ကြားစေလိုသောစိတ် ၊ ကျော်စောလိုသောစိတ် ၊

မိမိလှူနိုင်ကြောင်း ကြွားလိုသောစိတ်များ မဖြစ်စေရပါ ။ လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း အလှူနှင့် စပ်၍ မကျေမနပ် ဒေါသ

မာန စသော အကုသိုလ်များ ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန်းဆုတ်သော မလှူလိုသော စိတ်များ

မဖြစ်စေရ ။ ထိုသို့ မဖြစ်စေဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ အရာရာကျေနပ်လျက် လှူဖွယ် အရပ်ရပ်တို့ကို စီမံနိုင်လျှင် “ပုဗ္ဗစေတနာ တွေ

အလွန်စင်ကြယ်စွာ ဖြစ်နေပြီ” ဟုမှတ်ပါ ။

မုဉ္စစေတနာ

မုဉ္စ - သဒ္ဒါသည် စွန့်လွတ်ခြင်း ဟူသော အနက်ကို ဟော၏ ။ ထို့ကြောင့် စွန့်လွတ် လှူဒါန်းနေတုန်း အခိုက်၌ ဖြစ်သော စေတနာသည်

(ဆွမ်းလှူရာ၌ ဆွမ်းကို အလှူခံ ပုဂ္ဂိုလ်အား ကပ်လှူနေတုန်းမှာ ဖြစ်သော စေတနာနှင့် ကိုယ်ထိလက်ရောက် မကပ်ဘဲ နှုတ်ဖြင့်

လျှောက်ထား၍ လှူရာ၌ “လှူပါ၏” ဟု ဆိုခိုက်မှာ ဖြစ်သော စေတနာသည်) မုဉ္စစေတနာ မည်၏ ။ ဤမုဉ္စစေတနာ အခိုက်လည်း

ပြခဲ့သော အကုသိုလ်စိတ်များ မဖြစ်စေဘဲ ၊ အလှူခံမည့် ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိတွယ်တာသော တဏှာလောဘစိတ် မဖြစ်စေဘဲ ယခု

လှူဒါန်းလိုက်သည့် အတွက်ကြောင့် ငါ၏ ကိစ္စကို ကူညီဆောင်ရွက်လိမ့်မည်ဟု တစ်စုံတစ်ခုသော လောကီအကျိုးကို မမျှော်လင့်ဘဲ

ရက်ရက်ရောရော လှူဒါန်းနိုင်ပါလျှင် “မုဉ္စစေတနာတွေ စင်ကြယ်စွာ ဖြစ်ပြီ” ဟု မှတ်ပါ ။

အပရစေတနာ

အလှူအထမြောက်ပြီးနောက် ထိုကုသိုလ်နှင့် စပ်၍ဖြစ်သမျှစေတနာကို အပရစေတနာ ဟုခေါ်၏ ။ ထို့ကြောင့် ဒါနပြုပြီးနောက်ထိုဒါနကို

သတိရတိုင်း “အလှူအထမြောက်ပေပြီ ၊ ၀မ်းမြောက်ဖွယ် ကောင်းပေသည် ။ နောက်ထပ် လှူချင်သေးသည်” ဟု ၀မ်းမြောက် ၀မ်းသာ

ဖြစ်နေလျှင် အပရစေတနာ နယ်၌လည်း ကုသိုလ် စေတနာတွေ ထပ်မံတိုးပွားပြန်၏ ။ အလှူပေးပြီးနောက် ပစ္စည်းပျက်ပြား၍ ဖြစ်စေ ၊

ကျောင်းဆောက် ကိုးကွယ်ပြီးနောက် ကျောင်းထိုင် ဘုန်းကြီးအပေါ်၌ မကျေနပ်၍ ဖြစ်စေ “ငါလှူမိတာ မှားလေစွ” ဟု အပရစေတနာ

ပျက်လျှင် အလှူနှင့်စပ်၍ မကျေနပ်ခြင်းဟူသော ဒေါသ အကုသိုလ်ပင် ဖြစ်ပါသေးသည် ။

သတိထားဖွယ်

ဒါနပြုရာ၌ ကျောင်းဆောက်မှု ၊ ဘုရားတည်မှု ၊ အလှူကြီးပေးမှု စသည်တို့ဖြင့် ကြီးကျယ်သော ဒါနလည်းရှိ၏ ။ ဆွမ်း ၊ သင်္ကန်း ၊ ဆေး

အစရှိသည်တို့ဖြင့်လည်းကောင်း ၊ မရှိဆင်းရဲသားတို့အား စွန့်ကြဲပေးကမ်းမှု စသည်တို့ဖြင့်လည်းကောင်း အနည်းအပါး ဒါနလည်းရှိ၏ ။

ထို့တွင် ကြီးကျယ်သော ဒါနတို့၌ အလှူခံပုဂ္ဂိုလ် အတွက်ဖြစ်စေ ၊ သူတစ်ပါးတို့လာရောက် နှောင့်ယှက်သောကြောင့် ဖြစ်စေ

စေတနာပျက်ဖွယ်တွေ (စိတ်ထားမတက်သူ ၊ ဥာဏ်မရှိသူမှာ) များလှ၏ ။ ထို့ကြောင့် ထိုသို့ ဒါန အကြီးအကျယ် လှူရာ၌ မိမိကိုယ်တိုင်

စွမ်းနိုင်သမျှ စဉ်းစားရုံသာမကဘဲ မိတ်ဆွေကောင်းဆရာကောင်းတို့နှင့် တိုင်ပင်ကာ ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍

ပြုလုပ်ထိုက်ကြပေသည် ။ အနည်းငယ်ပြုကြသော ဒါနတို့ကားခွေး တိရစ္ဆာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုးများလှပြီ

ဖြစ်သောကြောင့် အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ ၊ အချို့ အရာ၌ သံဃိတဒါန မြောက်အောင် စိတ်ထား၍

အချို့ အရာဝယ် လှူဖွယ်ဝတ္တုများ၌ မတွယ်တာဘဲ မုတ္တစာဂီ ဖြစ်အောင် စွန့်လွှတ် ပေးကမ်းလှူဒါန်းကြရမည် ။ (မုတ္တ = မတွယ်တာဘဲ

လွတ်လွတ်ကျွတ်ကျွတ် + စာဂီ = စွန့်ကြဲပေးကမ်းလေ့ရှိသူ ) “အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ ၊ လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ ၊

နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တဘဲ နိဗ္ဗာန်ကိုရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူ”ဟုဆိုလိုသည် ။

ဝေဘူဆရာတော် ညွှန်ပြတော်မူလေ့ရှိသော သနိ္ဒဋ္ဌိက ဓမ္မလမ်းစဉ်




၁။ ဘုရားအဆုံးအမဖြစ်တဲ့ ပိဋကသုံးပုံ အကုန်လုံးဟာ ဆင်းရဲမှလွတ်မှုတစ်ခု ဖြစ်၍ နည်းတွေများသော်လဲ အားလုံးအတူတူပဲ။ အကုန်လုံး လိုက်ပြီး လုပ်စရာမလိုဘူး။ အများကြီးထဲက ကြိုက်ရာတစ်ခုခုကို ၀ီရိယမှန်မှန်နှင့် သန်သန်လုပ်ဖို့ အရေးကြီးတယ်။

၂။ စရဏနှင့် ၀ိဇ္ဇာ တစ်ပြိုင်နက်ဖြစ်အောင် လုပ်ရတယ်။ တစ်ချိန်ထဲမှာ အလုပ်နှစ်ခု ပြီးတာ ဒါပဲရှိတယ်။ ( အလုပ်လုပ်ရင်း ရအောင်ရှုတယ် )

၃။ ဘုရားစကား၊ ဆရာစကား တထစ်ချနာယူ၊ အရာရာရိုသေ၊ ကိုယ်ကိုနိုမ့်ချ၊ ခန်္တီနှင့် မေတ္တာ များများထားပြီး လုပ်ရတယ်၊

၎။ ၀ိပဿနာတရားဆိုတာ ထင်ရှားရှိတဲ့ တရားကို မြင်အောင် ရှုမှတခြင်းပင် ဖြစ်တယ်၊ ထင်ရှားရှိတဲ့တရားကို မြင်အောင်မရှုနိုင်ရင် ၀ိပဿနာ မဖြစ်ဘူး။

၅။ ထင်ရှားရှိတဲ့ တရားဆိုတာ တခြားမှာသွား၍ ရှာရတာမျိုးမဟုတ်။ ရှောင်မရ တိမ်းမရ မမြင်ချင်၍ မနေရအောင် ကိုယ်မှာအမြဲ ထင်ရှားရှိနေတဲ့ ရုပ်တရားတွေပဖြစ်တယ်။

၆။ ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်နာမ် တရားတွေထဲမှာ လူတိုင်း နားလည် လွယ်ကူတာဟာ အာနာပါဏ= ထွက်လေ ၀င်လေ ရှုမှတ်မှု ဖြစ်တယ်။

၇။ ထွက်လေ ၀င်လေဆိုတာ အမိဝမ်းမှမွေးကထဲက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေတဲ့ တရားသဘောဖြစ်တယ်၊ အလုပ်လုပ်နေရင်း စကားပြောနေရင်း စာကျက်နေရင်းလဲ ရှိနေတာပဲ။

၈။ ထွက်လေ၀င်လေဟာ အမြဲမပြတ်ရှိနေသော်လဲ အမှတ်တမဲ့ နေကြ၍ သတိမမူ ဂူမမြင် ဖြစ်နေကြတယ်၊ သတိမူရင် မြူကိုတောင် မြင်ရတယ် ဆိုတာလို ဂရုစိုက်ပြီး ကြည့်ရှုနေမှ ရှိမှန်းသိကြတယ်။

၉။ ကြည့် ဆိုရာမှာ ၀ိပဿနာ ဖြစ်ဖို့ရာအတွက် ထွက်လေ၀င်လေ ထိရာ နှာဖျား နှာဝမှာ ၀င်တိုင်းထွက်တိုင်း ရိပ်ရိပ် ရိပ်ရိပ်နှင့် တထိထဲထိနေတာကို တသိထဲသိနေအောင် တရစပ် သိမြင်အောင် ကြည့်ရှုနေရမယ်။ အိမ်အမိုးကို စပ်အောင်ထူထူမိုးမှ နေပူဒဏ် မိုးရွာဒဏ် ခံနိုင်တယ်။
(၂၄-နာရီ တစပ်ထဲ ရပါစေ။)

၁၀။ တစ်ရက် ၂၄-နာရီ တစပ်လောက်ရလျှင် အလွန် သိသာပါတယ်၊ ဘုရားဆုံးမတာ မှန်သမျှ ဆင်းရဲအောင် မဆုံးမဘူး ချမ်းသာဖို့ချည်းပဲ။ ဘုရားလက်ထက်က (လဲလျောင်း မအိပ်သော) နိသဇ်ဓုတင်ဆောင်တဲ့ပုဂ်္ဂိုလ်များ ပိုပြီးတော့တောင်မှ အသက်ရှည်ကြ ကျန်းမာကြတယ်။ အိပ်ချင်လို့အိပ်ရင် တသံသရာလုံး နိုးတော့မှာမဟုတ်ဘူး၊ အိပ်ချင်ရင် မအိပ်ချင်တဲ့ နေရာရှိတယ် အဲဒီကိုရောက်အောင်သွား။

၁၁။ ထိတာကိုသိနေလျှင် သိက္ခာသုံးပါး မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပကိ္ခယတရား ၃၇-ပါး ပိဋကတ်သုံးပုံ အလုံးစုံ တစ်ပြိုင်နက် ပါဝင်ပြီးဖြစ်တယ်။

၁၂။ ထိတာဟာ ရုပ်သဘောဖြစ်တယ်၊ သိတာဟာ နာမ်သဘောဖြစ်တယ်။

၁၃။ တရိပ်ရိပ်နှင့် နှာဖျား နှာဝမှာ ထိလိုက် ပျောက်လိုက် နေတာတွေကိုသာ တဆက်ထဲ သိမြင်အောင် ကြည့်ရှုနေရင် ကြာလျှင် ၀ိပဿနာ သမာဓိ တစ်စထက်တစ်စ တစ်ခဏထက် တစ်ခဏ တိုးတက်ပြီး၊ အားကြီးလာတဲ့အခါ နှာဖျား နှာဝတွင်သာမက ခန္ဓာကိုယ်မှာလဲ အလိုလို တရိပ်ရိပ် တရွရွတွေ ဖြစ်ပျက်နေတာကိုတွေ့ရမယ်။

၁၅။ တစ်ကိုယ်လုံး တရိပ်ရိပ် တရွရွ အမြဲမပြတ် ဖြစ်ပျက်နေတာကို တွေ့လာရတဲ့အခါ (အနိစ္စကိုကောင်းစွာ မြင်သောကြောင့်) ဒုက္ခနှင့် အနတ္တဟာ အလိုလိုထင်မြင် လာလိမ့်မယ်၊ ပါးစပ်ကဆိုနေဖို့မလိုဘူး၊ ၀ိပဿနာအလုပ်ဟာ ထိမှုကိုကြည့်ရှု သိနေရုံသာဖြစ်တယ်၊ ကြည့်ရှုနေရင်း ရှုမှတ်နေရင်း သိထိုက်သမျှကို အလိုလို တစ်နေ့ထက်တစ်နေ့ တိုးပြီးတိုးပြီး သိလာလိမ့်မယ်။

၁၆။ အဲဒီလို တရိပ်ရိပ်နှင့် ထိမှု သိမှုတို့ကိုကြည့်ရှုနေရင်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်လာပြီဆိုရင် အလွန်သိသာလှပါတယ်၊ ဘယ်လိုသိသာသလဲဆိုတော့ ရေငတ်၍ နေသောသူသည် ရေကို သောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့ ဖြစ်သွားတော့တယ်၊ သူများမေးစရာမလို ကိုယ်တိုင်သိမယ် (သိနိ္ဒဋ္ဌိကော)။

၁၇။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပြီး ရောက်ပြီးလို့ ဖလသမာပတ်ကို ၀င်စားချင်ရင် မိမိလာခဲ့ဖူးတဲ့ ၀ိပဿနာလမ်းကို ပြန်ကြည့်ရတယ်၊ ဖလသမာပတ်ဟာ ကိုယ်ပိုင်အိမ်နှင့် တူတယ်။

၁၈။ ယုံယုံကြည်ကြည် လုံ့လ၀ီရိယရှိရှိနှင့် ထိမှုသိမှုတို့ကိုသာ တစ်ဆက်ထဲ ဖြစ်အောင်ကြည့်ရှုနေ၊ ထွေလီကာလီတွေကို လိုက်မလုပ်နှင့်၊ ယခုလုပ်၊ ယခုမီးငြိမ်း၊ ယခုချက်ချင်းပဲ ချမ်းသာတယ်။ (အကာလိကော)။

ဗုဒ္ဓဓမ္မ ဦးလောကနာထ

ဒါနဥပပါရမီ သွေးလှူဒါန်းရန် နိုးဆော်လွှာ




ခပ်သိမ်းကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို့ ၏ စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ မိမိတို့ ၏ အသွေး၊ အသား၊ ခြေ၊ လက်အင်္ဂါ အသက် အစရှိသည်တို့ကိုလည်းကောင်း လှူဒါန်းကြရာတွင် လက်မရွံ့နောက်မတွန့်ပဲ စွန့်လွှတ်ကြသူချည်းသာဖြစ်သည်။

စွန့်လွှတ်လိုသူတို့အတွက် စွန့်လှူရန် ပစွည်းများ အများအပြားပင်။ စွန့်လွှတ်ရန်အတွက်လည်း အင်မတန်လွယ်ကူကြသူချည်းပင်ဖြစ်သည်။

ထို့ ကြောင့်လည်း နိဗွာန်ဟူသောငြိမ်းအေးရာသည် ထိုသူတို အဖို့လွယ်ကူစွာပင် ရရှိကြစမြဲပင်ဖြစ်ချေသည်။ မစွန့်လွှတ်လိုသူများအဖို့ စွန့်လှူရန် ပစွည်းရှားပါးနေတတ်သည်။

ထို့ အပြင်လိုချင်စရာများ လောကအလယ်များပြားနေပြန်သည်။
အလိုလောဘတို့ တနင့်တပိုးဖြစ်နေတတ်ပါသည်။ စွန့်လွှတ်ရန် ခက်ခဲသူတို.အတွက် နိဗွာန်ဟူသော ငြိမ်းအေးရာသည်လည်း ရရှိဖို့ရန် ထိုသူတို.အတွက် ခက်ခဲသောအရာတစ်ခုပင် ဖြစ်ချေတော့သည်။ ယခုအခါတွင် ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ ဦးဆောင်သော မြင့်မြတ်ဖြူစင် သွေးလှူရှင် အသင်းသည် ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် ၆.၆.၂၀၁၀(တနင်္ဂနွေနေ့) တွင်စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ ပြုလုပ်ကြပါမည် ။ ပါဝင်လှူဒါန်းလိုသူ သဒ္ဓါကြည်လင် စေတနာရှင်အပေါင်းတို့အနေဖြင့် မိမိတို.စွမ်းအားရှိသမျှ ဒါနဥပပါရမီ ဖြည့်ဆည်းနိုင်ကြပါစေခြင်း အလို.ငှာ ရန်ကုန်ဆေးရုံကြီးအမျိုးသားသွေးလှူဘဏ်တွင် ၆.၆.၂၀၀၉(တနင်္ဂနွေနေ့)၌ သွားရောက်၍ လှူဒါန်းနိုင်ကြပါကြောင်း သတင်းကောင်းပါလိုက်ရပါသည်ခင်ဗျား။

ဂေါ်တမမြတ်စွာဘုရား

 

ဗုဒ္ဓ၀ံသ ရက္ခိတ အသင်း © 2012 | Designed by Cheap Hair Accessories

Thanks to: Sovast Extensions Wholesale, Sovast Accessories Wholesale and Sovast Hair